မိုးမခအထောက်တော် အမှတ် ၀၀၁
မေ ၂၄၊ ၂၀၁၂

၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပထွက်မည့် ဒေါ်အောင်ဆန်းစုကြည်။ ယခုလ ၁၁ ရက်နေ့က ပုဇွန်တောင်မြို့နယ် NLD ရုံးခန်း ဖွင့်ပွဲတွင် မိန့်ခွန်းပြောနေခြင်း ဖြစ်သည်။. ဓာတ်ပုံ – Aye Min Soe (NLD)
ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည်ဟု သိရသည်။ဘန်ကောက်တွင် ရှေ့တပတ် ဗုဒ္ဓဟူးနေ့မှ စတင်၍ ၃ ရက်ကြာ ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေး နှစ်ပတ်လည် ညီလာခံ (World Economic Forum) သို့ တက်ရောက်မည်ဟု သတင်းများတွင် ဖော်ပြထားသည်။ ထိုညီလာခံသို့ သမ္မတ ဦးသိန်းစိန်လည်း တက်ရောက်ဖွယ်ရှိသည်ဟု သတင်းများက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် မြန်မာပြည်သားများနှင့် တွေ့ဆုံရန် အစီအစဉ် ရှိမရှိကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိသေးပေ။
ထိုင်းနိုင်ငံတွင် မြန်မာပြည်သား အများအပြား နေထိုင်လျက် ရှိသည်။ ထိုင်းနိုင်ငံအနှံ့အပြားတွင် အလုပ် လုပ်ကိုင်နေသူ မြန်မာပြည်သား ၂ သန်းမှ ၄ သန်းအထိရှိသည်။ စစ်ပြေးဒုက္ခသည် တသိန်း ၀န်းကျင်ရှိသည်။ နိုင်ငံရေးအဖွဲ့အစည်းများ တည်ထောင်ပြီး လှုပ်ရှားနေသူများလည်း ရှိသည်။
ယခု ဒေါ်အောင်ဆန်းစုကြည်၏ ဘန်ကောက်ခရီးစဉ်သည် အနှစ် ၂၀ ကျော်အတွင်း ပထမဦးဆုံး ပြည်ပခရီးစဉ် ဖြစ်လာမည်။
ယခင်က ပြည်ပခရီးသွားရောက်ခြင်း မရှိခဲ့သည်မှာ မြန်မာပြည်သို့ ပြန်ဝင်ခွင့် မရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု အများက သုံးသပ်ကြသည်။
နော်ဝေး အပါအ၀င် ဥရောပနိုင်ငံတချို့သို့ သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ဘန်ကောက်ခရီးစဉ်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အနှစ် ၂၀ ကျော်အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပခရီးထွက်ရန် အချိန် နည်းပါးခဲ့ပြီး နှစ်ပေါင်းများစွာ ထိန်းသိမ်းခံရခဲ့ရသည်။
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....