
နိုင်ငံသမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်
ထို အကြံပေးကောင်စီတွင် မည်သည့်ပုဂ္ဂိုလ်များ ပါဝင်မည်၊ မည်သည့်အချိန်တွင် အပြီးသတ် ဖွဲ့စည်းမည် ဆိုသည်ကို ၎င်းအနေဖြင့် မသိရှိသေးကြောင်း သမ္မတအကြံပေး ဦးမြင့် က ဆိုသည်။
သို့သော် မြန်မာ့လူမှုစီးပွား တိုးတက်ရေးအတွက် နိုင်ငံတော်ကောင်စီတရပ်ကို သုံးပွင့်ဆိုင် ဖွဲ့စည်းပြီး နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ပါဝင်မည်ဖြစ်ကာ ၎င်းကောင်စီ၏အောက်တွင် အကြံပေးအဖွဲ့နှင့် Implementing Body (အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့)ထားရှိ၍ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း အမည်မဖေါ်လိုသော သမ္မတ အကြံပေးတဦးက မဇ္ဈိမကို ပြောသည်။
မေလ ၁၁ ရက်နေ့က နေပြည်တော် သမ္မတရုံးတွင် ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်လည်း အဆိုပါ ကောင်စီဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဦးသိန်းစိန် က ပြောကြားခဲ့သေးသည်။
“မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေးကောင်စီ ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ ပုဂ္ဂလိက လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့များက နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုတွင် ပြည်သူတရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် ကြိုးပမ်းရမည်” ဟု ညွှန်ကြားထားသည်။
တနှစ်သက်တမ်း ကျော်လာပြီဖြစ်သော ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဒုတိယ အဆင့် မဟာဗျူဟာ ပြောင်းလဲမှုအဖြစ် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးများကို တိုင်းဒေသကြီး/ပြည်နယ် နယ်မြေများအလိုက် ပြုပြင်ပြောင်းလဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သမ္မတဦးသိန်းစိန် က အဆိုပါအစည်းအဝေးတွင်ပြောကြားခဲ့သည်။
မဇ္ဈိမသတင်းဌာန
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....