ပုသိမ်-မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် -မျိုးမင်းထွန်း (YPI)
ငါးသိုင်းချောင်းမြို့နယ်ခွဲကင်ပွန်းချဉ်ကုန်းကျေးရွာတွင် NLDကိုယ်စားလှယ်လောင်း ဒေါက်တာလှမြတ်သွေး ဟောပြောပွဲ ကျင်းပခွင့်ပေးခဲ့သည့် အိမ်ရှင်ဦးလှမြင့်အား မတ် ၂၉ ရက် နေ့နံနက်ပိုင်းတွင် နေအိမ် မှရေကြည်မြို့ရှိ ကြံ့ခိုင်ရေးရုံးတွင် ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ကာယကံရှင် ကပြောသည်။
ကင်ပွန်းချဉ်ကုန်းရွာခံတစ်ဦးက ‘ ဒေါက်တာလှမြတ်သွေး တို့လာဟောတာက ၂၁ ရက်နေ့ကပါ၊ အဲ့ဒါကို မနေ့ကမှ ဦးလှမြင့်ကို ကြံ့ခိုင်ရေးရုံးကို မေးစရာရှိလို့ဆိုပြီးခေါ်သွားတာ၊ ရွာကလူတွေက မသိကြတော့ ဖမ်းသွားတယ်ထင်ြပီး အရမ်းကြောက်နေကြတယ် ’ ဟုပြသည်။
ခေါ်ဆောင်ခံရသူ အိမ်ရှင်ဦးလှမြင့်က ‘မနက်၁၀နာရီကဆိုင်ကယ် ၂ စီးနဲ့လူ ၃ ယောက်လာခေါ်တာ ခေါ်တုန်းကလည်း ကျွန်တော့သမီးက ကျောင်းဆရာမ ဆိုတော့ သူ့ကိုအလုပ်ပြုတ် သွားချင်လားဆိုပြီးပြောတယ်၊ ကျန်တဲ့လူ၂ယောက်ကတော့ ဘယ်သူတွေမှန်းမသိဘူး၊ နောက်၁ယောက်ကတော့ ကျွန်တော်တို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးပါ’ ဟုပြောသည်။
ဦးလှမြင့်အား နံနက်ပိုင်းတွင် ရေကြည်မြို့ရှိ ကြံ့ခိုင်ရေးရုံးသို့ ခေါ်ဆောင်သွားပြီး “မင်းတို့က လာဖို့ဖိတ်တာလား သူတို့က ဘာသာသူတို့ လာတာလား” စသဖြင့်မေးမြန်းခဲ့ပြီး နေ့လယ်၁၂နာရီခန့် တွင်နေအိမ်သို့ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု သူကပြောပြသည်။
ငါးသိုင်းချောင်းမြို့နယ်ခွဲရှိ ကျေးရွာအုပ်စုများတွင် NLDပါတီလိုလားသူရွာခံများမှာ ခြိမ်းခြောက်မှုများနှင့်ကြုံ တွေ့နေရပြီး ၂၆ ရက်နေ့ကလည်း ရွေးတောက်ကျေးရွာအုပ်စု အင်္ကျီလက်ရွာတွင် မဲရုံမှုးဦးထွန်းရီမှ NLD ပါတီလိုလားသူ ရွာခံ ဦးကျော်လှိုင် အိမ်ပေါ်တက်ကာ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည် ဟု ဦးလှမြင့်က ပြောသည်။
ငါးသိုင်းချောင်းမြို့နယ်ခွဲ(ရေကြည်-၂) မှ NLDပါတီကိုယ်စားလှယ်လောင်း အဖြစ်လာမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာလှမြတ်သွေး ကတော့ အဆိုပါကိစ္စများနှင့် ပတ်သက်၍ ‘ကျွန်မတို့ မြို့ကတောသူတောင်သားအများစုဆိုတော့ SBတို့ ရဲတို့ ဘက်ကနည်းနည်းလေး ခြောက်လိုက်တာနဲ့တင် လုံလောက်ပြီဆိုတာ ပြိုင်ဘက်ပါတီက သိထားတယ်၊ ဒါကြောင့် သူတို့လည်း လုပ်တယ်နောက်ပြီး SB တို့ နယ်ထိန်းတို့ နဲ့လည်း ပေါင်းပြီးလုပ်နေတာ’ ဟုပြောပြသည်။
ထို့အတွက်ကြောင့်သူမ၏ဟောပြောပွဲကျင်းပရာတွင်အခက်အခဲများ ဖြစ်ပေါ်နေပြီးလာရောက်နားထောင်လို သော်လည်း လာရဲသူနည်းပါးကြောင်းပြောပြသည်။
ယခုကြားဖြတ်ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာလှမြတ်သွေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးတင်စိုး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ဦးအေးကျော်တို့မှ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံကြမည်ဖြစ်သည်။
ရေကြည်-၂ မဲဆန္ဒနယ်တွင် မြို့ပေါ်ရပ်ကွက်၆ရပ်ကွက်နှင့် ကျေးရွာအုပ်စု၃၈အုပ်စုရှိကာ မဲပေးခွင့်ရှိသူ ၆သောင်းခွဲကျော်ရှိပြီး မဲရုံ ၅၃ ရုံ ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ် ကော်မရှင်ရုံးမှ ထုတ်ပြန်ထားသည်။

Yangon Press International
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....