၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီးတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေး တိမ်းရှောင် နေခဲ့တဲ့ ဦးသန်းနိုင် ဟာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ထဲမှာ မာန်အောင်ကို ပြန်လာခဲ့ပါတယ်။
မြို့နယ် အုပ်ချုပ်ရေးမှူးကို အကြောင်းကြား ခဲ့ပေမယ့်လည်း မတ်လ ၁၁ ရက် နေ့မှာ မြို့နယ်ရဲစခန်းမှူး၊ ရဲအုပ်နဲ့ ကျောက်ဖြူခရိုင် အထူးရဲတပ်ဖွဲ့တွေ အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၄ ဦး လာရောက် မေးမြန်း ဓာတ်ပုံရိုက် ယူကာ နောက်ထပ် လိုအပ်ရင်လည်း မေးမြန်းဖို့ ခေါ်ယူမယ်လို့ ပြောဆိုခဲ့တယ်လို့ ဦးသန်းနိုင်က ပြောပါတယ်။
“သူတို့ကတော့ တာဝန်အရလို့ ပြောတယ်။ ကျနော်ထင်တာကတော့ ပြန်ဝင်လာတဲ့ သူတွေနဲ့ ပတ်သက်ပြီးတော့ ပြည်ပမှာ ဘာတွေလုပ်ခဲ့လဲ၊ ဘာအကြောင်းနဲ့ ၀င်လာလဲ၊ ဘာတွေဆက်လုပ်ဦးမှာလဲ ဆိုတာ သိချင်တယ်လို့ ထင်တယ်။ ကိုယ်ရေးအကျဉ်း မေးတယ်။ မူလတန်းကို ဘယ်ကျောင်းမှာ နေခဲ့တယ်။ အလယ်တန်း၊ အထက်တန်း ဘယ်ကျောင်းမှာ ပညာသင်ခဲ့တယ်။ တက္ကသိုလ်ကို ဘယ်မှာ တတ်ခဲ့တယ်။ မွေးချင်း ညီအကို မောင်နှမ တွေကို မေးတယ်။ နောက် ကျနော့် အိမ်ထောင်ဖက်က ဘယ်သူ။ မိသားစုဝင် တွေက ဘယ်သူ။ ကျနော်တို့ မိသားစုထဲမှာ အစိုးရ အရာရှိတွေ ရှိလား။ သူတို့ အကြံပေး ဖိတ်ခေါ်လို့ လာ တာလား ဆိုတာ မေးတယ်။”
အထက်က နိုင်ငံတော်အဆင့် ပြောဆိုထားချက်နဲ့ အောက်ခြေမှာ ဖြစ်ပွားနေတာတွေက ကွဲလွဲမှုတွေ ရှိနေ တယ်လို့ လည်း သူက ပြောပါတယ်။ ဦးသန်းနိုင်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ပရွာမှာ ကျောင်းဆရာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီးတော့ သမ္မတ ရဲ့  ဖိတ်ခေါ်ချက်နဲ့ ပြန်လာခဲ့တာပါ။
ဒီဗွီဘီ
ပဒိုမန်းငြိမ်းမောင်ကို တသက်တကျွန်းချမှတ်
နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရသူ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ကျခံစေဖို့ အင်းစိန် ထောင်တွင်း တရားရုံးက ဒီနေ့ စီရင်ချက် ချမှတ်လိုက်ပါတယ်။
ဒီနေ့ အင်းစိန်ထောင်တွင်းမှာ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ခရိုင် တရားသူကြီး ဦးလှဝင်း ရုံးထိုင်ပြီး အမှုစီရင်ခဲ့တာလို့ ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“ဘယ်လိုအမိန့်ချလည်းဆိုတော့ ၁၇/၁ နဲ့ ထောင် ၃နှစ်၊ အမြင့်ဆုံးပဲ။ နောက်တခါ ၁၂၂/၁ နဲ့ အနိမ့်ဆုံးပေါ့၊ တသက်တကျွန်း အဲဒါ ချတယ်။ ပြီးတော့ ပြစ်ဒဏ် ၂ ရပ်စလုံးအတွက် ၂မှုကို ပေါင်းပြီးတော့ ပြစ်ဒဏ်ကျခံစေလို့ ဆိုတော့ ၃ နှစ်က မရှိတော့ဘဲနဲ့၊ တစ်သက်တကျွန်း ဆိုတော့ အနှစ် ၂၀ ပေါ့။ ချုပ်ရက်ကို ထုတ်နှုတ်စေ၊ ဆိုပြီးတော့ အဲဒီလို အမိန့်ချတယ်။ ကျနော်တို့က မကျေနပ်ဘူးဆိုရင် ရက် ၆၀ အတွင်းကို အယူခံဝင်ပေါ့။ ဒေသလွှတ်တော် တရားရုံးမှာ အယူခံဝင်လို့ရတယ်။”
ပဒိုမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကိုအသွား ထိုင်းကို ပြန်ဝင်ဖို့ ဗီဇာ အခက်အခဲတွေ့ရာကနေ မြန်မာပြည် ပြန်ပို့ခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင် တရားစွဲခံရတာပါ။ သူ့ကို နိုင်ငံတော် ပုန်ကန်မှု၊ တရားမ၀င် အသင်းအဖွဲ့တွေနဲ့  ဆက်သွယ်မှု စတဲ့ အမှုတွေနဲ့ စီရင်ထားတာပါ။
ပဒိုမန်းငြိမ်းမောင်ဟာ မိခင်အဖွဲ့အစည်းအဖြစ်တဲ့ ကေအန်ယူနဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ထောင်ထဲကနေ အကြံပေး ကြားဝင် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး သူ့ကို ဖမ်းဆီးမိအပြီးမှာ အစိုးရနဲ့ ကေအန်ယူအကြား နှစ်ပေါင်း ၆၀ ကျော် ကြာ တိုက်ပွဲကို အပစ်အခတ် ရပ်ထားဖို့ ပဏာမ သဘောတူညီချက် ရခဲ့ပါတယ်။
ဒီဖြစ်ထွန်းမှုတွေကြောင့် ကနဦးပိုင်းက အစိုးရ ပြည်ထောင်စုဝန်ကြီး တဦးက ပဒိုမန်းငြိမ်းမောင်ကို ပြန်လည် လွတ်မြောက်မှာပါလို့ ထုတ်ပြောထားဖူးပါတယ်။ ပဒိုမန်းငြိမ်းမောင်ကို လက်ရှိကာလ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလ အခြေအနေအရပါ လွှတ်ပေးသင့် ပါတယ်လို့ သူ့ရဲ့ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“ကျနော်တို့ဘက်က တင်ထားတာတော့ လွှတ်ပေးဖို့ပေါ့။ လွှတ်ပေးနိုင်တဲ့ အချက်အလက်တွေ ရှိတယ်။ ဘာလို့လည်းဆိုတော့ ၁ အချက် တရားစွဲဆိုမှု မှားတယ်။ တရားစွဲဆို ခွင့်ပြုမိန့်တွေကလည်း လိုအပ်နေတယ်။ နောက်တခါ ဖြစ်ရပ် တခုတည်းပေါ်မှာ အမှု ၂ မှု စွဲလို့မရဘူး။ စွဲမယ်ဆိုရင်လည်း နောက် တမှုကို အပြစ်မပေးရဘူး။ ဒါက ဥပဒေတွေပဲ၊ ဒါကြောင့် ဥပဒေအရ လွှတ်ပေးသင့်တဲ့ အကြောင်းပါ။
နောက် အကြောင်းချင်းရာအရ လွှတ်ပေးသင့်တဲ့ အကြောင်းတွေကတော့ အခုလို ကေအန်ယူ အဖွဲ့အစည်းကလည်း ပဏာမ လက်မှတ် ရေးထိုးထားတယ်။ သေနတ်ကိုင် ထားတယ်။ ကေအန်ယူ အဖွဲ့ကြီးက ခွဲထွက်သွားတဲ့ အဖွဲ့ ၅ ဖွဲ့ လောက်ကလည်း ငြိမ်းချမ်းရေး လက်မှတ် ထိုးထားတယ်။ သေနတ်ကိုင်ထားတယ်။ အဲဒီတော့ အဖွဲ့အစည်းတွေက အတူတူပဲ။ အဲဒီလို အတူတူမှာ ကေအန်ယူအဖွဲ့က လူကြီး တယောက်ကို ဒီလိုကွက်ပြီး အပြစ်ပေးတယ်ဆိုရင် တရားမျှတမှု ရှိမှာမဟုတ်ဘူး။ နောက် ပဒိုမန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးအတွက် ကူညီပါဆိုလို့ တတ်နိုင်သမျှ သူ ကူညီခဲ့တယ်။ အကြံဥာဏ်တွေ ပေးခဲ့တယ်။ အဲဒီ အပေါ်မှာ တရားမစွဲပါဘူးလို့ ပြောပြီးမှ အခုလို တရားစွဲခဲ့တယ်။ အဲဒါကလည်း အခုလို ငြိမ်းချမ်းရေး ယူနေတဲ့ ကာလမှာ ဒီလို မဖြစ်သင့်ဘူး။ ဒါကြောင့် ဒီအချက်အလက်တွေအရ လွှတ်ပေးသင့်တယ် ဆိုပြီး ဥပဒေအရ၊ အကြောင်းချင်းရာ အရကော ဒီလိုတော့ ပြောထားတာပေါ့။ အမှန်ကတော့ လွှတ်ပေးသင့်တဲ့ အမှုပေါ့။”
ပဒိုမန်းငြိမ်းမောင်အနေနဲ့ အမှုကို အယူခံတင်ဖို့ ဆန္ဒ ရှိ၊ မရှိကို မေးမြန်းပြီး ဆန္ဒ ရှိတယ် ဆိုရင် အယူခံတင်ရေး ဆက်လက် ဆောင်ရွက်မယ်လို့ ရှေ့နေ ဦးကြီးမြင့်က ဆက်ပြောပါတယ်။
ကေအန်ယူ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ပဒိုဒေးဗစ်ထောကတော့ ပဒိုမန်းငြိမ်းမောင် အမှုမှာ ဆက်လက်ပြီး အယူခံနိုင်တာ၊ သမ္မတထံ အသနားခံစာ တင်နိုင်တာမျိုးတွေ ဥပဒေကြောင်းအရ ဆက် ရှိနိုင်သလို ကေအန်ယူအနေနဲ့လည်း ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးဖို့ ဆက်လက် တောင်းဆိုသွားမှာ ဖြစ်လို့ ပြန်လည် လွတ်မြောက်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။
ပဒိုမန်းငြိမ်းမောင်ဟာ ကေအန်ယူ ဗဟို ကော်မတီဝင် တဦးဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။
ပဒိုမန်းငြိမ်းမောင်ဟာ အသက် ၇၀ ၀န်းကျင်ခန့် ရှိပြီ ဖြစ်ပြီး ပျိုရွယ်စဉ်တုန်းကလည်း နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ကိုကိုးကျွန်းမှာ ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရဖူးပါတယ်။
ဒီဗွီဘီ
ဥတ္တရသီရိမြို့နယ် NLD ဆိုင်းဘုတ် ဖျက်ဆီးခံရပြန်
နေပြည်တော်မှာ ပထမဖျက်ဆီးခံရတဲ့ဆိုင်းဘုတ်ပုံပါ။ |
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် စိုက်ထူထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဆိုင်းဘုတ်ကို ချွန်ထက်သည့်အရာဖြင့် ဖျက်ဆီးခံခဲ့ရသည်ဟု မြို့နယ် အောင်နိုင်ရေး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဌေးဝင်းက မဇ္ဈိမကို ပြောသည်။
အလျား ၈ ပေ၊ အနံ ၄ ပေရှိ ဆိုင်းဘုတ်ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒ်ါအောင်ဆန်းစုကြည်တို့၏ ပုံတွင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ချွန်ထက်သည့် အရာဖြင့် ဖျက်ဆီးခြင်းဟု ဦးဌေးဝင်းက ပြောသည်။
"အမေစုနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ဆိုင်းဘုတ်ပါ။ အဲဒီမှာ အမေစု မျက်နှာကို ဓါးနဲ့ ခွဲသလိုမျိုး ဆုတ်ဖြဲသွားတယ်" ဟု မဇ္ဈိမကို ပြောသည်။
ဥတ္တရသိရီမြို့နယ်တွင် တရားရုံး မရှိသေးသည့်အတွက် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဇဗ္ဗူသီရိ မြို့နယ်တရားရုံးသို့ တိုင်ကြားရန် ပြင်ဆင်နေသည်ဟုလည်း သိရသည်။
ဖေဖေါ်ဝါရီလအတွင်းကလည်း ဥတ္တရသီရိမြို့နယ် ဘုရားတောင်ရွာတွင် ဖြစ်ပေါ်ခဲ့သေးပြီး ဇဗ္ဗူသီရိ မြို့နယ်တရားရုံးသို့ တိုင်ကြားခဲ့သော်လည်း သက်သေခိုင်လုံမှု မရှိဟုဆိုကာ တရားသူကြီးမှ အမှုကို ပလပ်ခဲ့သည်ဟု ဦးဌေးဝင်းက ပြော သည်။
မန္တလေးတိုင်း ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်များတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် စာရွက်ငယ်များ တနင်္လာနေ့က ဖြန့်ဝေမှုရှိခဲ့ကြောင်း သိရသည်ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို
ပြောသည်။
"နိုင်ငံခြားက ပေးတဲ့ အကူအညီ၊ ပိုက်ဆံတွေသုံးတယ်ပေါ့။ ဒါဟာ လိမ်တာတခုပဲ ဆိုပြီးတော့ ရေးထားတယ်" ဟု စာရွက်ပါ အကြောင်းအရာကို ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်သေရှာ ရန် ခက်ခဲနေသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။
ဥတ္တရသီရိမြို့နယ်တွင် အသက် ၅ဝ အရွယ်ရှိ မန္တလေးတိုင်း မိုးကုတ်မြို့နယ်သား ဦးမင်းသူ NLD မှ ဝင်ရောက် အရွေးခံမည်ဖြစ်သည်။ ဇန်နဝါရီလ ၁၂ ရက်နေ့က ရာထူးမှ အနားပေးခြင်းခံရသူ သမ္မတရုံးဝန်ကြီး ဦးကျော်စွာခိုင် ၂ဝ၁ဝ ရွေးကောက်ပွဲက အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။
လက်ရှိ သမ္မတ ဦးသိန်းစိန် အနိုင်ရခဲ့သည့် မန္တလေးတိုင်း ဇမ္ဗူသီရိမြို့နယ်တွင်မူ ဟစ်ဟော့အဆိုတော် ဇေယျာသော် ဝင်ရောက်အရွေးခံမည် ဖြစ်သည်။
ချင်းမိုင် (မဇ္ဈိမ) ။ ။

No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....