March 27, 2012 by ကိုထွေး
နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး ပြစ်ဒဏ်ချမှတ်နေတဲ့ သက်သေတွေကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက် ပွဲဟာ နိုင်ငံရေးနဲ့ နိုင်ငံသား လွတ်လပ်ခွင့် ရှိတယ်လို့မဆိုနိုင်ဘူးလို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး အသင်း (အေအေပီပီ)က ပြောပါတယ်။နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်သေးဘဲ မြန်မာနိုင်ငံသားအားလုံး နိုင်ငံရေးနဲ့ နိုင်ငံသား လွတ်လပ်ခွင့်တွေ သေချာ ခိုင်မာစေတဲ့ လုပ်ဆောင်ချက်တွေ မလုပ်သေးသရွေ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရကို ဆက်လက် ဖိအားပေးဖို့ အေအေပီပီက ဒီနေ့ မှာ တောင်းဆို လိုက်ပါတယ်။
တပ်မတော်နေ့ ဖြစ်တဲ့ မတ်လ ၂၇ ရက်မှာ အေအေပီပီရဲ့ ၆ မျက်နှာရှိတဲ့ ထုတ်ပြန်ချက် မှာ အခုလို ရေးသားထားပါတယ်။
နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေက ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတတယ် လို့ ထင်မြင်ခဲ့မယ် ဆိုရင်တော့ ကြားဖြတ်ရွေးကောက်ပွဲကို အသုံးပြုပြီး အစိုးရက ဒဏ်ခတ် အရေးယူတာတွေကို ရုပ်သိမ်းစေမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
အေအေပီပီက အတွင်းရေးမှူး ကိုတိတ်နိုင်က ဒီနေ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ရှင်းပြပါတယ်။
“ကျနော်တို့မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အရေး ဖြစ်ပေါ်တိုးတက်မှု၊ အမျိုးသားရင်ကြားစေ့ရေး အခြေအနေကို ကြားဖြတ်ရွေးကောက်ပွဲ ကာလလေး တခုထဲကိုပဲ ကြည့်လို့မရဘူး။ ဒါက မဖြစ်မနေ ဖြတ်သန်းရမှာ ဖြစ်တဲ့အတွက် စောင့်ကြည့်လေ့လာဖို့လိုတယ်။
စောင့်ကြည့်လေ့လာတဲ့ အခါမှာလည်း ရွေးကောက်ပွဲ ၁ ရက်ထဲကိုပဲ စောင့်ကြည့်တာမျိုး မဟုတ်ပဲနဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကာလက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားအခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်သင့်တယ်။ ပြီးတဲ့အခါမှာလည်း မဲရေတွက်ပုံ၊ ရေတွက်နည်းတွေကိုလည်း သေချာစောင့်ကြည့်ဖို့ လိုပါတယ်။ ဒီတခုထဲကို ကြည့်ပြီးတော့ ကျနော်တို့ မြန်မာနို်င်ငံ အရေးကို ဆုံးဖြတ်ဖို့ ခက်လိမ့်မယ် လို့ ပြောချင်ပါတယ်။ အထူး သတိထားဖို့လိုပါတယ်။”
အဓိက အတိုက်အခံပါတီတွေကို ၀င်ရောက်ခွင့်ပေးတဲ့ လစ်လပ် ၄၈ နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကို နိုင်ငံတကာက ဒီမိုကရေစီရေး တိုးတက်မှု အဖြစ် ရှုမြင်နေကြတယ် လို့ ဆိုပါတယ်။
မဲစာရင်းမှားယွင်းတာတွေ၊ အတိုက်အခံတွေကို ခြိမ်းခြောက် နှောင့်ယှက်တာတွေကလည်း လက်ရှိ အခြေအနေမှာ ကြုံနေရတယ်လို့ ဆိုပါတယ်။
ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်ထဲမှာ ရှိနေဆဲ ဖြစ်ပြီးတော့ လွတ်လာတဲ့ သူတွေဟာလည်း စောင့်ကြည့်ခံနေရပြီး အခြေခံ လွတ်လပ်မှုတွေ ဆုံးရှုံးနေတယ် လို့ အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အေအေပီပီ စာရင်းအရဆိုရင် နိုင်ငံရေး အကျဉ်းသား ၉၅၉ ဦး ကျန်နေသေးသလို အဲဒီ့ အထဲမှာလည်း ကျန်းမာရေး မကောင်းတဲ့ လူတွေရှိတဲ့ အတွက် ဆေးကုသခွင့်တွေလည်း မရသေးဘူးလို့ ပြောပါတယ်။
၁၉၈၈ ခုနှစ်က နေပြီး ယနေ့အထိ အကျဉ်းထောင်ထဲက စစ်ကြောရေး စခန်းတွေထဲ မှာ သေဆုံးသူ နိုင်ငံရေး အကျဉ်းသား ၁၅၂ ဦးရှိတယ်လို့ အေအေပီပီ မှတ်တမ်းက ဆိုပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု ဆိုးဝါးတဲ့အတွက် လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ဦး ဟာလည်း ထောင်ကလွတ်ပြီး မကြာခင်မှာ ကွယ်လွန်သွား ခဲ့တဲ့ ဖြစ်ရပ်တွေကို လည်း ထောက်ပြထားပါတယ်။
RFA
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....