၉ ဇူလိုင် ၂၀၁၂။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ရှေးဟောင်းဝပ်ဆိုင်မွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းရဲ့ ယာယီကျောင်းထိုင်ဆရာတော်အဖြစ် ထိုင်းဆရာတော်တပါးကို ဒီနေ့ အပ်နှင်းရာမှာ မြန်မာတွေက ၀ို်င်းဝန်းကန့်ကွက်ကြတဲ့အတွက် ထိုင်းဘက်က ယာယီ အလျှော့ပေး လိုက်ပါတယ်။ ဒီနေ့ ကျောင်းဝင်းအတွင်း နှစ်ဖက် အချေအတင်ဖြစ်ခဲ့တာကြောင့် ထိုင်းရဲ လုံခြုံရေးတချို့ ရောက်ရှိ စောင့်ကြပ်ခဲ့ပါတယ်။
ဝပ်ဆိုင်မွန်းကျောင်းဟာ ဘုရင့်နောင် ချင်းမိုင်ကို သိမ်းပိုက်စဉ်တုန်းက တည်ထား ကိုးကွယ် ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၄၅၀ ကျော်ခန့် မြန်မာဗိသုကာ လက်ရာတွေ တည်ရှိနေတာ ဖြစ်ပါတယ်။ ကျောင်းထိုင် ဆရာတော်ပေါင်း ၁၈ ဆက် ပြောင်းလဲခဲ့ပြီး လွန်ခဲ့တဲ့လအနည်းငယ်က အသက် ၉၀ ကျော် မြန်မာကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ပြီးနောက် ထိုင်းနိုင်ငံက သိမ်းယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
မြန်မာတွေကလည်း ဘုရင့်နောင်လက်ထက်ကတည်းက တည်ခဲ့တဲ့ မြန်မာကျောင်းကို မြန်မာတွေပဲ ဆက်လက် ကျောင်းထိုင်ခွင့်ရရေး ကြိုးပမ်းနေပါတယ်။ မြန်မာဒကာတွေက ဒီကျောင်းမှာ မြန်မာဘုန်းကြီး တပါးပါး ဆက်လက် ကျောင်းထိုင်ခွင့် ရရေးအတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တွေထံ နှစ်ကြိမ်တင်ပြထားပြီး ဖြစ်တယ်လို့ ပါဝင်ဆောင်ရွက် သူတွေက ပြောပါတယ်။ နှစ်ပေါင်း ၄၅၀ ကျော်သက်တမ်းရှိတဲ့ ၀ပ်ဆိုင်မွန်းကျောင်း ဟာ မြန်မာလူမျိုးတွေ အတွက်သာမက ထိုင်းလူမျိုးတွေအတွက်ပါ သမိုင်းယဉ်ကျေးမှု အမွေအနှစ်တခု ဖြစ်ပါတယ်။ ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင်(ခရစ်နှစ် ၁၅၁၅ - ၁၅၈၁) ဟာ ၁၅၅၈ ခုနှစ်မှာ လန်းနားဘုရင့်နိုင်ငံ ချင်းမိုင်ကို သိမ်းပိုက်ပြီး ၀ပ်ဆိုင်မွန်း ဘုန်းကြီးကျောင်းကို တည်ထားကိုးကွယ်တယ်လို့ သမိုင်းမှတ်တမ်း ရှိပါတယ်။
By: DVB TV News
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....