ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။
စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....
အညတရ သူရဲကောင်း ငါးဦးကို ဒေါ်စုမွေးနေ့မှာ ဆုချီးမြှင့်
ဖနိဒါ၊ နေမျိုး | အင်္ဂါနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၃၁ မိနစ်
ချင်းမိုင်၊ နယူးဒေလီ (မဇ္စျိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ် မြောက် မွေးနေ့ အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရုံးချုပ်တွင် ကျင်းပခဲ့ပြီး တတိယအကြိမ် ‘အညတရ သူရဲကောင်းဆု’ ချီးမြှင့်ခြင်းလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အင်းစိန်ထောင်ရှိ ဦးခေမာစာရ (ခ) ကိုချမ်းသာ၊ မြင်းခြံထောင်ရှိ ဒေါက်တာကျော်ကျော်၊ သာယာဝတီထောင်ရှိမောင်လက်ျာထွန်း၊ မြင်းခြံထောင်မှ လွတ်မြောက်လာသည့် မလှလှမော၊ ပုသိမ်ထောင်မှ လွတ်မြောက်လာသူ ကပ်ခန့်ခွာ (ခ) အန်ထော်နီ တို့ကို ငါးဦးကို ‘အညတရ သူရဲကောင်းဆု’များ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ အန်တီ့မွေးနေ့မှာ အညတရဆု ချီးမြင့်တယ်။ တကယ့်ကို နာမည်လည်း မထွက်ဘဲ နိုင်ငံရေးထဲမှာ ဝင်ရောက် လုပ်ကိုင်ပြီးတော့ အနစ်နာခံတဲ့လူတွေကို ဘုန်းကြီး၊ တိုင်းရင်းသားတွေ အားလုံး ပါဝင်အောင် တဦးချင်း ဆုပေးရေး အဖွဲ့က ရွေးချယ်လိုက်တယ်” ဟု ပြည်သူ့လွှတ်တော်အမတ် မဖြူဖြူသင်းက ပြောသည်။
ထိုဆုကို ၂ဝ၁ဝ ခုနှစ်မှ စတင်၍ ဂျပန်ရောက် မြန်မာပြည်သားများ ကမကထပြုခဲ့ခြင်း ဖြစ်ပြီး လူသိမများသော်လည်း တိုင်းပြည်နှင့် ဒီမိုကရေစီအရေး လုပ်ဆောင်သူများအား ချီးမြှောက်လိုခြင်း၊ ယင်းကဲ့သို့ လူများ ပိုမိုပေါ်ထွန်းလာရေးနှင့်ပြည်တွင်း ပြည်ပ ဒီမိုကရေစီ လှုပ်ရှားသူများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆုချီးမြှင့်ရေး ကော်မတီ - ဂျပန်မှ တာဝန်ရှိသူ ကိုမင်းထက်ဇော်က မဇ္စျိမကို ပြောဆိုခဲ့ဖူးသည်။
ဒုတိယအကြိမ် အညတရ သူရဲကောင်းဆု (၂ဝ၁၁ ခုနှစ်)ကို ဦးဝိရသူ (ခ) ဝင်းခိုင်ဦး၊ ကိုဇေယျာအောင် (မြစ်ကြီးနားထောင်)၊ ကိုသန့်ဇော် (သရက်ထောင်)၊ ဦးစွမ်းလှအောင် (ကျောက်ဖြူထောင်)နှင့် မမာမာဦး (ဗန်းမော်ထောင်) တို့ ရရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်က ပထမအကြိမ်အဖြစ် မဂ္ဂင်ကျောင်းဆရာတော် ဦးအိန္ဒက (လားရှိုးထောင်)၊ ဘိုးတော် ခင်ဝင်း (ခ) ဦးခင်ဝင်းနှင့် ကိုသန်းနိုင် (မအူပင်ထောင်)တို့က ရရှိခဲ့ကြဖူးသည်။
နံနက် ၁ဝ နာရီခွဲတွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မိုးပျံ ပူပေါင်းများ လွှင့်တင်ခြင်း၊ ချိုးငှက် များ လွှတ်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် မွေးနေ့ သီချင်းသီဆိုကာ ပွဲကျင်းပခဲ့သည်ဟု ဗဟို အမျိုးသမီး လုပ်ငန်းအဖွဲနှင့် ဘဏ္ဍာရေးအဖွဲ့ဝင် ဒေါ်အေးအေးမာက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မွေးနေ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့အတွက် ဗဟိုအမျိုးသမီးအဖွဲ့မှ စာတမ်း တင်သွင်းခဲ့သည်။
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....