ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Sunday, March 28, 2010





ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။





















ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲ၊ ၉ ဦးသေ ၉၄ ဦး ဒဏ်ရာရ 15 April 2010 မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ လူ ၉ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ မြန်မာ့ရိုးရာ အတာသင်္ကြန် အကြတ်နေ့အဖြစ် ဆင်နွှဲနေချိန် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစားမဏ္ဍပ် အနီးမှာ ဗုံး ၃ လုံး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုရဲ့ သတင်းတွေမှာတော့ လူ ၈ ဦးသေဆုံးပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး ဖြစ်တယ်လို့ ကြေညာခဲ့သလို ထိခိုက်ဒဏ်ရာရသူ ၉၄ ယောက်အထိ ရှိခဲ့ကြောင်းလည်း ကြေညာပါတယ်။ ရန်ကုန်ဆေးရုံကြီး သတင်းရပ်ကွက်ကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ သတင်းတွေမှာတော့ သင်္ကြန်ရေကစားသူတွေနဲ့ စည်ကားနေတဲ့ နေရာက ပေါက်ကွဲမှုတွေကြောင့် လူ ၉ ဦးထက်မနည်း သေဆုံးပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။ အခုပေါက်ကွဲမှုအပြင် နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း ဖယ်ရှားခဲ့တဲ့အကြောင်း လုံခြုံရေး တာဝန်ရှိသူ တဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်က ဖော်ပြပါတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး အခုအချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာတွေမှာ လုံခြုံရေးတွေ ချထားပြီး ရေကစား မဏ္ဍပ်ကိုလည်း ပိတ်ထားလိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။ မြန်မာစစ်အုပ်စုရဲ့ သတင်းတွေမှာတော့ ပေါက်ကွဲမှုတွေဟာ အဖျက်သမားတွေရဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တဲ့အကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်းက ပြောပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှတ်ပုံမတင်ရေး ကန့်ကွက်မဲမရှိ ဆုံးဖြတ်


29 March 2010


စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ တရားမျှတခြင်း မရှိတဲ့အတွက် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲ ၀င်ရေးအတွက် ထပ်မံ မှတ်ပုံတင်တော့မှာ မဟုတ်တဲ့အကြောင်း ဒီနေ့ ကျင်းပခဲ့တဲ့ ဗဟိုဦးစီး စည်းဝေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။ NLD ပါတီ ရှေ့ ဆက်လက် ရပ်တည်ရေး အပါအ၀င် ဒီနေ့ကျင်းပခဲ့တဲ့ စည်းဝေးပွဲနဲ့ ပတ်သက်လို့ ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ပြောပါတယ်။


“အခုရှိနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင် ဥပဒေတွေ၊ မှတ်ပုံတင်ခြင်း ဥပဒေတွေ စသည်ဖြင့် အဲဒါတွေနဲ့ ပတ်သက်လို့ တရားမျှတမှု မရှိတဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်ကို ထပ်မံပြီး မှတ်ပုံတင်မည် မဟုတ်ကြောင်း ဆုံးဖြတ်တယ်ပေါ့ဗျာ။


“နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေး အကျဉ်းသားများ အားလုံးတို့ကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးပါဆိုတာ ဆုံးဖြတ်ချက် ချတယ်၊ ဒါပါပဲ။ အဓိကကတော့ ဒီနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အရင်ကတည်းက ပြောထားတဲ့အတိုင်း ပြည်နယ်နဲ့တိုင်း ရှိတဲ့ ဦးစီးအဖွဲ့ဝင်များ၊ ဗဟိုဦးစီး အဖွဲ့ဝင်များ အကုန်လုံး ခေါ်လိုက်တော့ မကျန်းမာလို့ ဆေးရုံတက်နေတာရယ်၊ အကျဉ်းကျနေတဲ့ ဗဟိုဦးစီး အဖွဲ့ဝင် လေးငါးယောက်ရယ် အဲဒါကလွဲလို့ ကျန်တာတွေ အကုန်လုံး တက်ရောက်ပါတယ်။ ဒါကြောင့် အစည်းအဝေးကတော့ အပြည့်အစုံ အထမြောက်ပါတယ်။


“ပြည်နယ်နဲ့တိုင်းအလိုက် အားလုံးဆွေးနွေးတာ၊ ကယားပြည်နယ်မှ အပပေါ့၊ ကျန်တဲ့ ပြည်နယ်နဲ့တိုင်း အားလုံးကတော့ ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ဆွေးနွေးခွင့်ပေးတယ်။ ဆွေးနွေးခွင့်ပေးတာ ၂ ယောက်ပေါ့။ ၂ ယောက်ဆိုတာ တယောက်က သူ့အနေနဲ့ မှတ်ပုံတင်ခြင်း မပြုဘို့ ဆွေးနွေးတယ်ဆိုရင် အကယ်၍များ မှတ်ပုံတင်ခြင်း ရှိသလား၊ ဆွေးနွေးရအောင် ဆိုပြီး ပြည်နယ်နဲ့တိုင်းက ၂ ယောက်၊ ၂ ယောက် ကျနော်တို့ ခွင့်ပြုတယ်၊ ၅ မိနစ်စီပေါ့။ ဆွေးနွေးတာ အားလုံးကတော့ ၂ ယောက်စလုံးမှာလည်း ထပ်တူထပ်မျှပဲ သူတို့က လက်ရှိ ရှိနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အပေါ်မှာ မှတ်ပုံတင်ခြင်း မပြုဖို့ဆိုတာပဲ ပြောကြတာ များပါတယ်၊ ဆုံးဖြတ်ကျတာ များပါတယ်။ အများစု အကုန်လုံးပေါ့။


“တယောက်စ နှစ်ယောက်စကတော့ သူတို့ပင်ကိုယ် သဘောထားနဲ့ ပတ်သက်ပြီး မှတ်ပုံတင်ခြင်း မပြုခဲ့သည်ရှိသော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပယ်ဖျက်သွားမည် ဖြစ်တဲ့အတွက်ကြောင့် ဒါကို ဆက်လက်ပြီး ဘယ်လိုသွားမလဲ ဆိုတာမျိုးလောက်ကို ဆွေးနွေးပြီးတော့ အများဆုံးဖြတ်တဲ့၊ သူတို့အဖွဲ့က ဆုံးဖြတ်တာ အားလုံးကိုလည်း သူတို့က လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း ပြောတာ များပါတယ်။


“တယောက်တလေကတော့ ပါတီ ဖျက်သိမ်းပြီးသွားရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရှေ့ကို ဘယ်လို အစီအစဉ်ဆွဲကြမယ် ဆိုတာနဲ့ ပတ်သက်လို့၊ စီစဉ်ကြအောင် ဆိုတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတာ များပါတယ်။ အကုန်လုံး ကြည့်လိုက်ရင်တော့ အကုန်လုံးက တက်တက်ကြွကြွပဲဗျ၊ သူတို့ အားလုံးကတော့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်တာ အားလုံးကိုတော့ တရားမျှတမှု မရှိတဲ့အတွက်၊ အဖွဲ့ချုပ်ကို ပိုပြီးတော့သာ ခြိမ်းခြောက်မယ် ဆိုတဲ့အတွက်၊ မှတ်ပုံတင်ပြီး ဆောင်ရွက်ချင်လည်း ဘာမှ ဆောင်ရွက်လို့ ရမှမဟုတ်ဘူး။


“အရင်တုန်းကလည်း ဒီလိုပဲ၊ အဖွဲ့ချုပ်က ဒီလောက်တောင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာ ဟိုတုန်းက တခဲနက် ရွေးကောက်ခြင်း ခံရသော်လည်း စပြီး အရွေးခံရတဲ့ အချိန်ကစပြီး ဒီနေ့အထိလည်း နှိပ်စက်ခြင်း၊ တင်းကျပ်ခြင်း၊ ချုပ်နှောင်ခြင်း၊ အတင်းအကျပ်တွေလည်း များနေတာ ဖြစ်တဲ့အတွက် အဖွဲ့ချုပ်က ပါတီဖွဲ့စည်းကတည်းက တောက်လျှောက် ရပ်ဆိုင်းခံထားရတာတွေပဲ၊ အဲဒါကြောင့် သူတို့က တခဲနက်ပဲ မှတ်ပုံတင်ခြင်း မပြုဘို့ ဆုံးဖြတ်တာပါပဲ။”


မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေ ကိုယ်တိုင်က အတင်းအကျပ်၊ အပိတ်အဆို့၊ အတားအဆီးတွေ ပေါ့ဗျာ။ ကျနော်တို့ ကြေညာထားတဲ့ အတိုင်းပဲ၊ တဦးတယောက်၊ တဖွဲ့တစည်းနဲ့ ပတ်သက်လို့ ဒါ သတ်မှတ်ထားတာတွေက အင်မတန် တင်းကျပ်လွန်းတယ်။ ပြီးတော့ ဥပဒေနဲ့ မညီဘူး၊ မမျှတလွန်းဘူးဆိုတဲ့ အပေါ် မူတည်ပြီးတော့ ဆွေးနွေးကြပြီးတော့ ဒါ မှတ်ပုံတင်ခြင်း မပြုဘို့ သူတို့က အကုန်လုံး အဆိုပြုသွားကြတာပဲလေ။”


“ကန့်ကွက်တဲ့သူ မရှိဘူး။ ပြီးသွားတဲ့အခါကျတော့ တချို့ ပြည်နယ်၊ တိုင်းက တယောက်တလေကတော့ ကန့်ကွက်တာတော့ မဟုတ်ဘူး၊ သူတို့ သဘောထားနဲ့ ပတ်သက်လို့ မှတ်ပုံတင်ချင်တယ်ဆိုတာ သူတို့ပြောတယ်။ ဒါပေမဲ့ သူတို့ ပြည်နယ်၊ တိုင်းက စပြီး အခြေခံ ဆွေးနွေးလာကတည်းက သူတို့အဖွဲ့က ဆုံးဖြတ်လိုက်တာ၊ ဒါ သဘောတူတယ် ဆိုပြီးတော့၊ သူတို့ကိုယ်တိုင်ကလည်း မှတ်ပုံတင်ခြင်း မပြုတာကို သဘောတူတယ်ဆိုတာ ရောက်သွားပါတယ်လေ။ အဲဒါကြောင့် ကျနော်တို့က ကန့်ကွက်သူမရှိ၊ အများ သဘောတူ၊ ကန့်ကွက်သူမရှိ၊ ဆုံးဖြတ်သည်ဆိုတဲ့သဘော ဆုံးဖြတ်ချက် ချတာပါပဲ။”


“ကျနော်တို့က မှတ်ပုံမတင်ဘူးဆိုတော့ ရွေးကောက်ပွဲ မ၀င်ဘူးပေါ့ဗျာ။ ဒါကတော့ ရှင်းသွားပြီပေါ့။ ရှေ့ဆက်လက်ပြီး သွားမယ် ဆိုတာကတော့ သူတို့က ကျနော်တို့ အဖွဲ့အစည်းကို မှတ်ပုံမတင်ရင် ပျက်ပြီဆိုတာ မှတ်ယူရမယ် ဆိုတာက၊ သူတို့ ဥပဒေ သဘော သဘာဝကိုက ဟုတ်မှ မဟုတ်ဘဲ။ ကျနော်တို့က မှတ်ပုံတင်ပြီးသား အဖွဲ့အစည်းပဲ။ အဲတော့ ကျနော်တို့ ရွေးကောက်ပွဲ မ၀င်တာနဲ့ ဒါကို ဆက်ပြီး မှတ်ပုံတင်ရမယ်၊ အသစ်တွေသာ မှတ်ပုံတင်ရမယ့်သဘော ရှိတာပေါ့။


“အဲဒါကို ကျနော်တို့ မှတ်ပုံမတင်ရင် ပျက်ပြယ်ပြီးသား ဆိုတာက သူတို့ဘက်က ပျက်ပြယ်ပြီးသား ဖြစ်စေကာမူ ကျနော်တို့က မပျက်ပြယ်ဘူးလို့ မှတ်ယူတာကိုးဗျ။ အဲဒါကြောင့် ကျနော်တို့ကတော့ ကျနော်တို့ အဖွဲ့အစည်းကို ကျနော်တို့ဘာသာ ဖျက်ဆီးပစ်မှာ မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ ဥပဒေနဲ့မညီလို့ ရပ်တည်ပိုင်ခွင့် မရှိဘူးဆိုပြီး လာပြီး သိမ်းတယ်၊ ဖျက်တယ် ဆိုရင်တော့လည်း ဒါ သူတို့လုပ်လို့ရရင် လုပ်ပေါ့ဗျာ။ ဒါပဲပေါ့။”


NLD အနေနဲ့ကတော့ ရပ်တည်လို့ရသလောက် ဒီအတိုင်း ဆက်ရပ်တည်သွားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက အရင်တုန်းက တခဲနက် ထောက်ခံထားတာ ဖြစ်တဲ့အတွက်ကြောင့်၊ အခု အပြင်မှာလည်း ဒါနဲ့ပတ်သက်တာ အားလုံးကို ကျနော်တို့ရဲ့ သဘောသဘာဝကို ရောင်ပြန်ဟပ်တာတွေ အများကြီး ရှိတယ်ဗျ။ အများကြီး တော်တော်လေးကို ရှိနေကြတယ်။ အဲဒါကြောင့်မို့၊ တချို့ကတော့ ဘယ်လောက်ထိ ပြောနေလဲဆိုရင် NLD မှတ်ပုံမတင်ရင် သူတို့ မဲတောင် မပေးတော့ဘူး ဆိုတဲ့သဘော ပြောနေကြပြီဗျ။ NLD ကိုပဲ သူတို့ မဲပေးချင်တယ်၊ NLD မှတ်ပုံမတင်ရင် သူတို့ မဲမပေးဘူး။ ဒီလိုဖြစ်နေတယ်၊ အခုက။”


လို့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောပြ ပါတယ်။


ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေကတော့ ကျန်းမာရေး အခြေအနေအရ ဒီနေ့ ကျင်းပတဲ့ စည်းဝေးပွဲကို လူကိုယ်တိုင် မတက်ရောက်နိုင်ပေမဲ့ ပါတီမှတ်ပုံမတင်ရေး အဆိုပြုချက်ကို နေအိမ်ကနေပဲ သူ့ရဲ့သဘောထားပေးပြီး ထောက်ခံခဲ့တဲ့အကြောင်း သိရပါတယ်။




NLD ပါတီက ရွေးကောက်ပွဲကို မ၀င်ဘူးလို့ ဆုံးဖြတ်လိုက်တာဟာ စစ်အစိုးရဘက်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒမရှိဘူး ဆိုတာကို ထင်ဟပ် ပြသလိုက်တာ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောလိုက်ပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပီ.ဂျေ ခရော်လီ (P.J Crowley) က အခုလို ပြောခဲ့တာပါ။ “NLD ပါတီက အခုလို ဆုံးဖြတ်ချက် ချလိုက်တာဟာ မြန်မာနိုင်ငံမှာ ပွင့်လင်းတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ မရှိမဖြစ် လိုအပ်တယ်လို့ ကျနော်တို့ လက်ခံ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဓိက နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အလေးအနက် ဆွေးနွေးလိုတဲ့ဆန္ဒ မြန်မာစစ်အစိုးရမှာ မရှိဘူးဆိုတာ ထင်ဟပ် ပြသလိုက်တာပါပဲ။ NLD ဘက်က အခုလို ဆုံးဖြတ်ရတာကို ကျနော်တို့ နားလည်ပါတယ်။ “ရွေးကောက်ပွဲ ဥပဒေတွေဟာ စိတ်ပျက်ဖို့ ကောင်းတယ်ဆိုတဲ့ အကြောင်း ကျနော်တို့ဘက်က သဘောထားကို ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီလို ထုတ်ဖော်ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေတော့ မရှိသေးပါဘူး။ ရှေ့မှာ ရှိကောင်း ရှိလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာစစ်အစိုးရ ချမှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ နည်းမှန်လမ်းမှန် ချမှတ်ထားတာ မဟုတ်ဘူး။” လို့ မစ္စတာ ခရော်လီက ပြောသွားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ဆက်လက် ကျင့်သုံးမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်လာအောင် ဆက်လက် တွန်းအားပေးမှာ ဖြစ်တဲ့အကြောင်း၊ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ နှစ်ခါ သုံးခါ တွေ့ဆုံ ဆွေးနွေးရုံနဲ့ ပြဿနာတွေ အားလုံး ပြေလည်သွားမယ်လို့ မျှော်လင့်မထားတဲ့အကြောင်းနဲံ့ မြန်မာ စစ်အစိုးရဘက်က အပြောင်းအလဲတွေ အမှန်တကယ် ဖေါ်ဆောင်ချင်တယ်ဆိုတာ သက်သေပြနိုင်တဲ့ အခွင့်အလမ်းကောင်းတခုကို ဆုံးရှုံးသွားတဲ့ အကြောင်းလည်း မစ္စတာ ပီ.ဂျေ ခရော်လီက ထည့်သွင်း ပြောဆိုပါတယ်။ မနေ့က ကျင်းပတဲ့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာလည်း သတင်းထောက်တွေက NLD ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ တုံ့ပြန်ချက်ကို မေးခဲ့ကြပါသေးတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစာကီး (Martin Nesirky) ကတော့ ပြီးခဲ့တဲ့ အပတ်က ကုလသမဂ္ဂ မြန်မာ့မိတ်ဆွေ နိုင်ငံများနဲ့ မြန်မာပြည်ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတုန်း အတွင်းရေးမှူးချုပ် ပြောခဲ့တဲ့ သူ့ရဲ့ သဘောထားကိုပဲ ပြန်ပြောခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဘက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ချက်မျိုးပဲ ချခဲ့ချခဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက လေးစားဖို့ လိုလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်က ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ နောက်ပြီး ရွေးကောက်ပွဲတွေဟာ ယုံကြည်စိတ်ချရဖို့ လိုတယ်၊ မျှမျှတတ ဖြစ်ဖို့လိုတယ်၊ တတ်နိုင်သမျှ နိုင်ငံရေးမှာ ပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေ ပါနိုင်သမျှ ပါဖို့ လိုအပ်တယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က ပြောဆိုခဲ့တာကို သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင် နီစာကီးက ရှင်းပြခဲ့ပါတယ်။